ကျော်မယ် ခွမယ်

Proxy Browsing
Gadgets powered by Google

Monday, June 9, 2008

Freedom For Burma

Shared by Andy Myint

***ကျွန်တော် သိတ်နေမကောင်းလို့ ဒီရက်ပိုင်း စာရေးကျဲသလို၊ blog လည်တာလည်း နည်းပါတယ်။ လာလည်ကြတဲ့ အပေါင်းအသင်းရောင်းရင်း အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ ကိုသင်ကာ ဆီရောက်တုန်း ဖတ်လိုက်ရတဲ့ ဘ၀ပျက်ရုံမက ဘ၀ပါပျောက်သွားသော နင်းပြားကလေး (၃)ယောက် အကြောင်းကို ပြန်လည် မျှဝေပါတယ်ဗျာ။ အားလုံး ဥပဒ်ရန်ဘေး ကင်းစင်ဝေးပါစေ။***
တွေ့ဆုံမေးမြန်းသူ။ ။မြနှင်းအေး
The Voice Weekly, Vol.4/No.31
မေလ ၂ ရက်နေ့က မြန်မာနိုင်ငံအောက်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ သောင်းဂဏန်းများစွာ သေဆုံးပြီး သိန်းဂဏန်းများစွာ အိုးမဲ့အိမ်မဲ့အခြေအနေ ဆိုက်ရောက်ခဲ့ရသည်။ မုန်တိုင်း၏ ဗဟိုချက်မဖြင့် ၀င်ရောက်တိုက်ခတ်ခံခဲ့ရသော ဧရာဝတီတိုင်းတွင် အထိအခိုက် အပျက်အစီး လူအသေအပျောက်များပြားခဲ့ရာ လပွတ္တာမြို့နယ် ပန်းငြိမ်းရွာမှ မိဘဆွေမျိုးများနှင့် မောင်ငယ်တစ်ဦးသေဆုံးကာ ညီမနှင့် အခြားမောင်ငယ်တို့ကို စောင့်ရှောက်ရန် ချက်ချင်းလက်ငင်း ပုခုံးလွှဲ တာဝန်ယူခဲ့ရပြီး မိဘမဲ့ ဖြစ်ခဲ့သည့် အသက် ၁၁ နှစ်အရွယ် မအေးအေးစိုးနှင့် တွေ့ဆုံမေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

ခုပေးတာစား၊ ရှိတာဝတ်တယ်။ ညီမလေးနဲ့ မောင်လေးကို သမီးတတ်နိုင်သမျှ ကာကွယ်ပေးမယ်။

Voice : သမီးနာမည်နဲ့ နေတဲ့ ကျေးရွာ နာမည်လေး ပြောပါဦး။

AAS : သမီးနာမည်က အေးအေးစိုးပါ။ လပွတ္တာမြို့နယ်နဲ့ အတော်ကြီးဝေးတဲ့ ပန်းငြိမ်းကျေးရွာ တာထိပ်မှာနေပါတယ်။

V : မိသားစု ဘယ်နှယောက်ရှိလဲ။

AAS : ခြောက်ယောက်။ သုံးယောက်ရှင်တယ်။ အဖေရယ်၊ အမေရယ်၊ ၁၀ နှစ်မောင်လေးရယ် မုန်တိုင်းထဲမှာ သေသွားတာ။ အဖေ့အလောင်းပဲ ပြန်တွေ့တယ်။ ဆွေမျိုးတွေလည်း အားလုံးသေကုန်တယ်။

V : အသက်ရှင်နေတဲ့ မောင်လေးနဲ့ ညီမလေးရဲ့ အသက်နဲ့ နာမည် ပြောပြပေးပါဦး။

AAS : ညီမလေးက အေးမြမွန်၊ ၆ နှစ်ရှိပြီ။ မောင်လေးက ရဲထက်ကျော်၊ ၃ နှစ်ပါ။

V : သမီးကျောင်းတက်လား။

AAS : မတက်ဘူး။ သမီးအောက်က ၁၀ နှစ်မောင်လေးက ကျောင်းတက်တယ်။ သမီးက အမေကောက်စိုက်ရင် မောင်လေးထိန်းပေးရတယ်။

V : မုန်တိုင်းတိုက်တဲ့ နေ့က ဖြစ်စဉ် သမီးသိသလောက် ပြောပြပါလား။

AAS : အဲဒီနေ့က သမီးတို့ မောင်နှမ လေးယောက်ရယ်၊ အမေရယ် အိမ်မှာ ရှိနေတယ်။ မုန်တိုင်းမတိုက်ခင် အမေက အဖေ့ဆီ ဆန်သွားယူတာ။ အမေလည်း ပြန်ရောက်ရော မုန်တိုက်းတိုက်တာပဲ။ လေမုန်တိုင်းကြောင့် သမီးတို့ အိမ်ကြီးပြိုသွားရော။ ပြိုလည်းပြိုရော အမေက အဖေ့ကို သွားခေါ်မယ်ဆိုပြီး သမီးတို့ကို ထားခဲ့တာ။ သူများအိမ်က အဒေါ်ကြီးတွေ အိမ်ပြိုတော့ ပြေးကြတာလည်းမြင်ရော သမီးတို့မောင်နှမလေးယောက်လည်း ထွက်ပြေးကြတယ်။ သမီးမောင်လေးကို လူကြီးတစ်ယောက်က တံတားမကျိုးဘူးဆိုပြီး ညာခေါ်သွားတာ သေသွားတယ်။ မိုးချုပ်လေ ရေက တက်လာလေပဲ။ သမီးတို့လည်း မပြေးတတ်တော့ဘူး။ သစ်ပင်ပေါ်တက်တာ ဘယ်လိုမှ တက်လို့မရဘူး။ နောက်ဆုံး သမီးတို့ ရေထဲမှာ မြုပ်လိုက် ပေါ်လိုက်နဲ့၊ ပန်းငြိမ်းက ဦးကြီးတစ်ယောက်က သမီးတို့ကို ကုန်းပေါ်တင်ပေးတာ။ တင်ပေးပြီး သူ့ကို လှိုင်းက ရိုက်ချသွားတာ ရေထဲက ပြန်ပေါ်မလာတော့ဘူး။ မိုးလင်းမှ အလောင်းတွေ့တာ။

V : သမီးတို့သုံးယောက် အတူတူပြေးတာလား။

AAS :ဟုတ်တယ်။ သမီးတို့သုံးယောက် မခွဲဘူး။ သမီးမောင်လေးကို သမီးပိုက်ပြီး လက်တစ်ဖက်က ညီမလေးကို ကိုင်ထားတာ။ သမီးလက် မလွှတ်ဘူး။ သေသေရှင်ရှင်ဆိုပြီး ကိုင်ပြီးပြေးတာ။

V : ကယ်ဆယ်ရေးစခန်းမှာ ပန်းငြိမ်းကလူတွေ တွေ့လား။

AAS : တွေ့တယ်။ ပန်းငြိမ်းက တစ်ရွာလုံးပါသွားတာ။ လူရာကျော်ရှိတာ ၁၂ ယောက်ပဲ ရှင်တယ်။ ၁၂ ယောက်ထဲမှာ မိန်းမက သမီးတို့နဲ့ဆို သုံးယောက်ပဲ အသက်ရှင်တယ်။ ကလေးထဲမှာလည်း သမီးတို့ သုံးယောက်ပဲ အသက်ရှင်တာ။ ပန်းငြိမ်းက ဆွေမျိုးတွေ အားလုံးသေတယ်။

V : ကယ်ဆယ်ရေး စခန်းရောက်ပြီး သမီးတို့ကို ဘာတွေ ဝေပေးလဲ။

AAS : ဆန်ဝေတယ်။ သမီးမှာ ချက်စရာ အိုးမရှိလို့ မယူဘူး။ ဆန်ပြုတ်ဝေရင်တော့ သွားတောင်းပြီး သမီးတို့ မျှစားတယ်။ သမီးက ၅၀၀၊ သမီးညီမလေးနဲ့ မောင်လေးက တစ်ယောက် ၂၅၀ နဲ့ တစ်နေ့တစ်ထောင်ရတယ်။ ရတာ မကြာသေးဘူး။ သမီးမောင်လေးကို ပိုက်ဆံရှိရင် မုန့်ဝယ်ကျွေးတယ်။ ထမင်းနေ့တိုင်း စားရပါတယ်။

V : မောင်လေးကို ဆေးခန်းလာပြတာလား။

AAS : ဟုတ်တယ်ရှင့်။ မောင်လေး နေမကောင်းလို့ ဆရာမလာပြတာ။ ဆရာမပေးတဲ့ ဓာတ်ဆားရေတောင် မကုန်သေးဘူး၊ မနေ့ညကမှ စဖြစ်တာ။ တစ်ချိန်လုံး အန်နေတာ။ မနက်ကျတော့ မောင်လေးက မုန်ဆိုင်ကို လက်ညှိုးထိုးပေမယ့် သမီးမှာ ပိုက်ဆံမရှိတော့ ၀ယ် မကျွေးနိုင်ဘူး။ ခုတစ်အား အန်နေလို့ လာပြတာ။

V : သမီး ဘာပြောချင်လဲ။

AAS : သမီးလား၊ မသိဘူး။ ဘာဆက်လုပ်ရမှန်း မသိဘူး။ အဖေ၊ အမေရော ဆွေမျိုးတွေရော သေကုန်ပြီ။ စဉ်းလည်း မစဉ်းစားတတ်ဘူး။ ခုပေးတာစား၊ ရှိတာဝတ်တယ်။ ညီမလေးနဲ့ မောင်လေးကို သမီးတတ်နိုင်သမျှ ကာကွယ်ပေးမယ်။ သမီးတို့ကို ဆရာမက လာခေါ်မယ်တဲ့။ ခု ဆရာမက အင်္ကျီလက်ရှည် ၀မ်းဆက်တစ်စုံရယ်၊ မောင်လေးအတွက် စောင်ရယ် အင်္ကျီင်္ရယ် ၀ယ်ပေးတယ်။ လူကြီးတွေက ပြောတော့ပြောတယ်။ ဒါပေမယ့် သမီး ဘာမှ မလုပ်တတ်ဘူး။

(ဒီအင်တာဗျူးလေးကိုစဖတ်တုန်းကလည်း ငိုရတယ်။ ပို့စ်တင်ဖို့ စာရိုက်တုန်းကလည်း မျက်ရည်ကျရတယ်။ ကျနော်တို့တတ်နိုင်သမျှ ရေရည်အတွက် ကူညီသွားဖို့၊ လှူတဲ့ ကူတဲ့ အရှိန်ကို မလျှော့ကြဖို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။ ။ သင်ကာ)